ဆီးကြိတ်ဆဲလ်များ ပွားများခြင်း
အမျိုးသားတွေ အသက်ကြီးတဲ့အခါ ဆီးကြိတ်ရှိဆဲလ်များ လိုတာထက် ပွားများမှုကြောင့် ဆီးကြိတ်ကြီးတဲ့လက္ခဏာတွေ ခံစားရပါတယ်။ ဆီးကြိတ်ကြီးလာရင် ဆီးလမ်းကြောင်းဆိုင်ရာ ပြသာနာများ (ဥပမာ ဆီးအိမ်အတွင်းမှ ဆီးများကို အပြင်မရောက်နိုင်အောင် ပိတ်ဆို့ခြင်း) ရင်ဆိုင်ကြုံတွေ့ရပါတယ်။ ဆီးအိမ်၊ ဆီးလမ်းကြောင်းတစ်လျှောက်နဲ့ ကျောက်ကပ်တို့ကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။
ခံစားရသော လက္ခဏာများ
ဆီးကြိတ်ကြီးတဲ့လက္ခဏာတွေဟာ လူတစ်ဦးနဲ့ တစ်ဦး ကွာခြားနိုင်ပါတယ်။ လက္ခဏာများဟာ အချိန်နဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။ လက္ခဏာအတိမ်အနက်သည် ဆီးကြိတ်အရွယ်အစားနဲ့ မသက်ဆိုင်ပါ။ ထင်ရှားတဲ့လက္ခဏာများမှာ-
- မကြာခဏ အသည်းအသန် ဆီးသွားချင်စိတ်ဖြစ်ခြင်း
- ညဘက် ဆီးသွားတဲ့ အကြိမ်ရေ များလာခြင်း
- ဆီးသွားစမှာ ရှူးထွက်ဖို့ အခက်ဖြစ်နေခြင်း
- ဆီးလုံးသေးခြင်း (သို့) ဆီးသည် ရပ်သွားပြီးမှ ပြန်စခြင်း
- အဆုံးသတ်မှာ ဆီးတစ်စက်စက် ကျန်နေခြင်း
- ဆီးအိမ်အတွင်းမှ ဆီးမကုန်ခြင်း
- ဆီးလမ်းကြောင်းပိုးဝင်သည့် လက္ခဏာများ
- ဆီးမသွားနိုင်ခြင်း
- ဆီး၌ သွေးပါခြင်း စတာတွေပါပဲ။
ဆီးကြိတ်နဲ့ ဆီးလမ်းကြောင်းဆက်စပ်ပုံ
ဆီးကြိတ်ဟာ ဆီးအိမ်ရဲ့ အောက်ဘက်မှာ တည်ရှိပါတယ်။ ဆီးအိမ်မှ အပြင်သို့ ဆီးစွန့်ထုတ်တဲ့ ပြွန် (Urethra) သည် ဆီးကြိတ်ရဲ့ အလယ်ကနေ ဖြတ်ဆင်းပါတယ်။ ဆီးကြိတ်ကြီးလာတဲ့အခါ ဒီပြွန်ကို ဖိမိပြီး ဆီးအပြင်သို့ မထွက်နိုင်တော့ခြင်းဖြစ်ပါတယ်။
အမျိုးသားအများစုမှာဆိုရင် ဆီးကြိတ်ကြီးလာတာဟာ အသက်ကြီးလာတာနဲ့အမျှ လိင်ဟော်မုန်းအပြောင်းအလဲကြောင့် ကြီးထွားလာရတာလို့ ယူဆရပါတယ်။
ဆီးကြိတ်ကြီးတတ်တဲ့ အခြေအနေများ
- အသက်ကြီးခြင်း
- မျိုးရိုးလိုက်ခြင်း
- ဆီးချိုရောဂါနှင့် နှလုံးရောဂါ (နှလုံးရောဂါရှင်တွေ သောက်သုံးရတတ်တဲ့ နှလုံးခုန်နှုန်းနှေးစေတဲ့ ဆေးဝါး (Beta Blocker) ဟာ ဆီးကြိတ်ကြီးစေနိုင်ကြောင်း လေ့လာချက်အချို့က ဖော်ပြထားပါတယ်)
- စားသောက်မှုပုံစံ (အဝလွန်ခြင်း)စတာတွေအပြင်
အောက်ပါ နောက်ဆက်တွဲရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။
- ဆီးကျန်ခြင်း
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
- ဆီးအိမ်မှာ ကျောက်ဖြစ်ခြင်း
- ဆီးအိမ်ထိခိုက်ပျက်စီးခြင်း
- ကျောက်ကပ် ထိခိုက်ပျက်စီးခြင်းတွေလည်း ဖြစ်ပွားနိုင်ပါတယ်။
ဆီးကြိတ်ကြီးသောလက္ခဏာတွေဟာ အသက် ၄၀ အောက်အရွယ်မှာ ဖြစ်ပေါ်မှုနည်းပါး ပါတယ်။ သုံးပုံတစ်ပုံသော အမျိုးသားတွေဟာ အသက် ၆၀ ဝန်းကျင်အရွယ်မှာ ရောဂါလက္ခဏာပြကာ တစ်ဝက်သော အမျိုးသားများတွင် အသက် ၈၀ ရောက်မှ လက္ခဏာပြတတ်ပါတယ်။ ဆီးကြိတ်ကြီးခြင်းကြောင့် ဆီးကြိတ်ကင်ဆာသို့ မကူးပြောင်းတတ်ပါ။
ဆီးလမ်းကြောင်းပြသာနာတွေ ခံစားနေရရင် ဆီးနဲ့ ကျောက်ကပ်အထူးကုများထံ၌ စောလျင်စွာ ကုသမှု ခံယူပါ။ မကုဘဲထားလျှင် ဆီးလမ်းကြောင်းပိတ်ဆို့မှု ပြသာနာခံစားရနိုင်ကြောင်း အသိပေးလိုက်ရပါတယ်။
ရေးသားသူ - ဒေါက်တာမေမြတ်